ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ မုံရွာသစ်သီးစျေးကွက်သည် လက်ကားထက် လက်လီကိုသာ ရောင်းချနေရ
ထက်ဝက်နီးပါးတက်စျေးဖြင့် ရောင်းနေရသော မုံရွာသစ်သီးစျေးကွက်သည် လက်ကားထက် လက်လီကိုသာ ရောင်းချရတော့ကြောင်း သစ်သီးဆိုင်ပိုင်များထံက သိရသည်။
“လွန်ခဲ့တဲ့တစ်နှစ်လောက်က တရုတ်စပျစ်သီး ၃ပိသာတစ်ခြင်း ၁၆၀၀၀ လောက်ကနေ အခုဆိုရင် ၃၀၀၀၀ လောက်ဖြစ်နေပြီ။ ချင်းတွင်းမြစ်အထက်ပိုင်း၊ မြစ်အနောက်ဖက် ယင်းမာပင်၊ ပုလဲနယ်၊ ရေဦး-တန့်ဆည် စတဲ့လက်ကားစျေးကွက်တွေ အခြေအနေတွေအရ မပို့ရတော့ဘူး။ လက်ကားစျေးကွက်ပျက်နေပြီ။ လက်လီကို အားကိုးရောင်းနေရတယ်” ဟု မုံရွာစျေးဟောင်းသစ်သီးဆိုင်ပိုင်တစ်ဦး ကပြောသည်။
ထက်ဝက်ခန့်တက်စျေးဖြင့် မုံရွာစျေးကွက်ရောက်နေသော ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ဆန်းကစ်သီး၊ လိမ္မော်သီး၊ မင်းဂွတ်သီး၊ ထောပတ်သီး၊ ကြက်မောက်သီး စသည့်အသီးဂျပ်ဖာများသည် ယခင်က တရုတ်နိုင်ငံမှနယ်စပ်မှတဆင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း ယခုလက်ရှိတွင် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ တိုက်ရိုက်ဝင်စဥ်က အသီးအရည်အသွေးမကောင်းသည်များ ကြုံခဲ့ကြရသော်လည်း ယခုထိုင်းနိုင်ငံမှဝင်သော သစ်သီးများသည် အရည်အသွေးကောင်းမွန်သည့်အတွက် စျေးများသော်လည်း ဝယ်သူကြိုက်နှစ်သက်မှု ပိုမိုရစေကြောင်းသိရသည်။
“သစ်သီးဆိုတာက အချိန်နဲ့အမျှ ပုပ်နေတာဆိုတော့ ရောင်းရင်လည်း အချိန်ကာလတိုအတွင်း ကုန်အောင်ရောင်းရတာပါ။ ဝင်လာကတည်းက အရည်အသွေးကောင်းပြီး ရာသီချိန်ကိုက် သွင်းလာတော့ စျေးကြီးပေမယ့် ရောင်းရတာအဆင်ပြေတယ်”ဟု မုံရွာမြို့စျေးသစ်တောင်ဖက်ရှိ သစ်သီးဆိုင်ပိုင်တစ်ဦး ကပြောသည်။
မုံရွာမြို့တွင် သစ်သီးအရောင်းဆိုင်ဖွင့်သူများ ယခင်ထက် ယခုအခါပိုမိုများပြားလာသော်လည်း ရေရှည်ရောင်းချသူနည်းကာ အဆင်မပြေ၍ ခဏရောင်းအလုပ်ပြောင်းသူများလည်းရှိကြောင်း
သိရသည်။
“ကြက်မောက်လိုအသီးက ၂ရက်အထားမခံဘူး။ ကျန်တဲ့အသီးတွေလည်း ရက်ကြာအထားမခံတော့ ရောင်းရမှကောင်းတာပါ။ မရောင်းရရင် အရှုံးပေါ်ရော။ အဲဒါနဲ့ အသီးဆိုင်မဖွင့်ဖြစ်တော့တာပါ။ အိမ်အရောက်ပို့ ရောင်းကြည့်သေးတယ်။ အားနာလို့တစ်ခါနှစ်ခါဝယ်ပြီး နောက်မဝယ်တော့ဘူး။ အဆင်မပြေဘူး”ဟု သစ်သီးဆိုင်ယာယီဖွင့်သူတစ်ဦးကဆိုသည်။
သစ်သီးများကို တရုတ်နိုင်ငံအပြင် အာဖရိက၊ ချီလီ၊ ပီရူးစသည့်နိုင်ငံများမှလည်း ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်တွင်းစျေးကွက်များသို့ အဆင့်ဆင့် အချိန်မီနေ့စဥ်ဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရသည်။
စျာန်ထူးကို
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e%e1%80%85%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%9c%e1%80%80/